Mad God (2021)

Phil Tippett ရဲ့ “Mad God” က ဘာမှန်းမသိတာကို တစ်နာရီခွဲလောက် ကြည့်နေရတယ်။ ဒီဘာမှန်းမသိဘူး ဆိုတာထဲမှာ အော်ဂလီဆန်စရာ၊ ရွံစရာတွေလည်းပါတယ်။ ဇာတ်လမ်းကြောင်းဘာညာဆိုတာထက် သူ့နဲ့အနီးစပ်ဆုံးကိုပြောရရင် အိပ်မက်မက်နေရသလိုပဲ။ ဒါပေမဲ့ ပြီးသွားမှာကြောက်နေရတဲ့ ဘယ်တော့မှမနိုးချင်တော့တဲ့ အိပ်မက်ဆိုးတစ်ခုကို မက်နေရသလိုမျိုး။

တစ်ကယ်တော့ ဒါတွေက Phil Tippett ရဲ့အိပ်မက်တွေ။ Phil Tippett ဆိုတဲ့နာမည် မကြားဖူးရင်တောင် သူ့လက်ရာတွေကိုတော့ တော်တော်များများ ရင်းနှီးကြလိမ့်မယ်။ ဒီဘိုးတော်က 1970 လောက်ကတည်းက Hollywood visual effect လောကမှာ ဆရာတစ်ဆူပဲ။ Star Wars ထဲက AT-ATs, RoboCop က လူဆ်ိုးစက်ရုပ်နဲ့ Starship Troopers ထဲက bugs တွေကို သူပဲအသက်သွင်းခဲ့တာ။ 1994 မှာ CGI နဲ့ stop motion ကို ချိတ်ဆက်ပြခဲ့တဲ့ Jurassic Park ထဲက သူ့ရဲ့ dinosaur တွေနဲ့ Best Visual Effects Oscar ကို တခြား 3 ယောက်နဲ့ အတူရခဲ့တယ်။

ဒါတွေအပြီးမှာ CGI တွေလည်း စခေတ်စားလာပြီး ဇာတ်လမ်းတွေမှာ practical effects သုံးတာ တဖြည်းဖြည်းချင်း နည်းလာတယ်။ ဒါပေမဲ့ stop motion ပိုင်းမှာ ရူးသွပ်တဲ့ Tippett ကတော့ သူ့စိတ်ကူးထဲက monster တွေနဲ့ သူ့အတွေးတွေထဲကအတိုင်း တစ်ဦးတည်း စိတ်ကြိုက် လုပ်ချင်တာလုပ်ပြလို့ရမယ့် ကမ္ဘာတစ်ခုကို ဖန်တီးဖို့ ကြိုးစားရင်းကနေ 1987 မှာ Mad God project ကြီး စဖြစ်လာတယ်။

Mad God တစ်ကားလုံးပြီးဖို့က နှစ် 30 ကျော်ကြာခဲ့တယ်။ ဒီနှစ် 30 အတွင်းမှာ Phil Tippett က ငွေအားလူအား အခက်အခဲတွေ၊ သူကိုယ်တိုင် psychiatric ward မှာ တစ်ပတ်နေခဲ့ရတဲ့ထိ mental breakdown တွေကို ကျော်ဖြတ်ခဲ့ရတယ်။ ဒီနှစ် 30 ဆိုတဲ့ အချိန်ရေစီးကြောင်းကို ပြနေတဲ့ သူ့ရဲ့ stop motion ဖန်တီးမှုတွေထဲမှာ ထူးဆန်းတဲ့ အကောင်ပုံတွေထက် environment တွေလုပ်ပြထားတာကို ကျနော်တော့ ပိုသဘောကျဝာယ်။ Misanthropic တစ်ယောက်ဖြစ်တဲ့ Phil Tippett ရဲ့ Mad God မှာ absurdity ဆန်တဲ့ အငွေ့အသက်တွေလည်း ပါနေတယ်။

လူလို့ထင်ရတဲ့ အရာတစ်ခုက mission တစ်ခုနဲ့ အတူ တွင်းနက်ကြီးထဲကို ဆင်းသွားတယ်။ ဦးတည်ရာ နောက်ကိုလိုက်ရင်း ဘယ်တော့မှ မဆုံးတော့တဲ့ တွင်းနက်ကြီးထဲ ဆင်းသွားသလိုမျိုး။ သူ့ရဲ့အောက်မှာ ပိုပိုနက်ပြီး ပိုပိုစက်ဆုပ်လာတဲ့ ကမ္ဘာတွေ။ မစင်ကနေဖြစ်လာတဲ့ အသိဉာဏ်မဲ့ လုပ်သားတွေ၊ သူတို့ကို ညှဉ်းဆဲသတ်ဖြတ်ခိုင်းစားနေတဲ့ အားပိုကြီးတဲ့ သတ္တဝါတစ်မျိုး။ သူတို့ရဲ့အထက်မှာ နောက်တစ်မျိုး.. ပြီးတော့ နောက်တစ်မျိုး။ ဖြစ်တည်မှုရဲ့အစ ဘလောက်တုံးလေးတွေကနေ Tower of Babel လို မိုးမျှော်တိုက်တွေ။ စစ်ပွဲနဲ့ ပုန်ကန်မှုတွေကြားမှာ ပျက်သုဉ်းခဲ့တဲ့ civilization တွေ။ သူပြသွားတာတွေက ဘာမှအဓိပ္ပာယ်မရှိဘူး။ ဒါဆို ဘဝဆိုတာကကော ဘာအဓိပ္ပာယ်ရှိလို့လဲ…။

Roger Ebert ပြောခဲ့တဲ့ စကားတစ်ခုရှိတယ်။
“Stop-motion looks fake, but feels real. CGI looks real, but feels fake.” တဲ့။

Stop motion ‌animation တွေကို ဖန်တီးဖို့က အနုစိတ်တယ်။ အချိန်ပေးရတယ်။ Mad God ထဲက အခန်းတိုလေးတစ်ခုကို ရိုက်ပြီးဖို့ဆို 3 နှစ်ကြာတယ်။ ဒါမျိုးအလားတူတွေကို CGI နဲ့ လုပ်ပြလို့ရတဲ့ ခေတ်ကြီးမှာ stop motion တွေက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့မှာလားလို့တော့ မေးစရာဖြစ်နေတယ်။

Phil Tippett က လက်ရှိမှာ stop motion ပဲ နောက်တစ်ကား ထပ်လုပ်နေတယ်။ အခုအသက် 70 ကျော်နေပြီဖြစ်တဲ့ သူ့အတွက် ဘဝရဲ့ greatest achievement က Oscar ရခဲ့တာလား ဒါမှမဟုတ် 1984 မှာ သူတည်ထောင်ခဲ့တဲ့ Tippett Studio ဆိုတဲ့ company လား။ ကျနော်ကတော့ သူ့ရဲ့ wildest, darkest, weirdest imagination တွေကို ချပြခွင့်ရခဲ့တဲ့ “Mad God” က သူ့ဘဝရဲ့ ဂုဏ်အယူရဆုံးမှတ်တိုင်တစ်ခု ဖြစ်မှာပဲလို့ ယုံတယ်။

Ref – The Guardian, The Fabulist


Phil Tippett နဲ့ Mad God ထဲက အရုပ်တွေ

2019 က ထွက်ထားတဲ့ “Phil Tippett: Mad Dreams and Monsters” နာမည်နဲ့ သူ့အကြောင်း documentary တစ်ခုလည်းရှိသေးတယ်။

Mad God (2021)
Mad God concept arts

Leave a comment