Wheel of Fortune and Fantasy (2021)

ကံကြမ္မာရဲ့ ဆန်းကြယ်မှုအောက်မှာ ဆုံခဲ့ကြပြီး ကွဲကွာခဲ့ကြသူတွေ‌အကြောင်း ပုံဖော်ထားတဲ့ Director Ryusuke Hamaguchi ရဲ့ “Wheel of Fortune and Fantasy” က သူ့ရဲ့နောက်တစ်ကား “Drive My Car” နဲ့အတူ 2021 ရဲ့ international film တွေထဲမှာ နာမည်တော်တော်ရနေတယ်။ ဒီကားမှာ Hamaguchi ကိုယ်တိုင်ရေးတဲ့ anthology ပုံစံ ဇာတ်လမ်း 3 ခု ပါတယ်။

ရှေ့မှာလည်း 4 နာရီ၊ 5 နာရီကျော်ကြာတဲ့ ရုပ်ရှင်တွေကို ဖန်တီးခဲ့တဲ့ Hamaguchi ဟာ အစကတော့ ဒီကားကိုလည်း ဇာတ်လမ်း 7 ခုထိလုပ်ဖို့ အစီစဉ်ရှိခဲ့တယ် ပြောတယ်။ Hamaguchi ရဲ့ narrative ပိုင်းက တစ်မျိုးဆန်းသလို တချို့အခန်းတွေမှာ ဇာတ်ကောင်နဲ့ ကြည့်တဲ့သူကြား ပိုပြီး ချိတ်ဆက်မှုရအောင် မျက်လုံးချင်းဆုံပြီး စကားပြောတာလိုမျိုး သူ့ရဲ့ကင်မရာအယူအဆတွေကလည်း ရိုးရိုးလေးနဲ့ စိတ်ဝင်စားဖို့ ကောင်းနေတယ်။

(Spoilers Below)

“Magic (or Something Less Assuring)”

ပထမဆုံးဇာတ်လမ်း တိုကျိုမြို့ရဲ့လမ်းမတွေထက်က သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ပုဒ်မှာ ဇာတ်သိမ်းခန်းကို ကျနော်တော်တော်သဘောကျတယ်။ Relationship တစ်ခုမှာ နာကျင်မှုတွေကြောင့် အဆင်မပြေလို့ ပြတ်ခဲ့ကြပေမဲ့ အချိန်ကြာတဲ့အခါ ကိုယ့်အမှားကိုယ်သိပြီး တစ်ယောက်နဲ့တစ်ယောက် မမေ့နိုင်ဖြစ်နေကြတာမျိုး။

Meiko ဟာ Tsugumi နဲ့ Kazuaki ရဲ့ အချစ်ရေးမှာ ဝင်ပါလို့ရပေမယ့် သူနဲ့မဆိုင်တော့ဘူးဆိုတာကို သဘောပေါက်ခဲ့ပုံရတယ်။ အဲဒီနေ့ကို Meiko က ဓာတ်ပုံတစ်ပုံနဲ့ မှတ်ထားခဲ့သလို အချစ်ဆိုတာလည်း ပိုင်ဆိုင်ခြင်းမဟုတ်မှန်း သူကောင်းကောင်း နားလည်ခဲ့တယ်။

“Door Wide Open”

လိင်ပိုင်းဆိုင်ရာ တပ်မက်မှုကို မလွန်ဆန်နိုင်တဲ့ Nao ဟာ professor Segawa ရဲ့ ရုံးခန်းတံခါး ဘယ်တော့မှမပိတ်ရ‌ ပေါ်လစီနဲ့တွေ့မှ လက်မြှောက်သွားရတယ်။ Nao ဟာ သူ့ဘဝသူ ပြန်မြင်လာပြီး ပြင်ဖို့ကြိုးစားခဲ့ပေမဲ့ လူ့အဖွဲ့အစည်းရဲ့ စံနှုန်းတွေနဲ့ မမျှော်လင့်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကြားမှာ လူတွေဟာ တစ်ကယ်ကော ပြောင်းလဲနိုင်ရဲ့လား။

“Once Again”

Computer virus တစ်ခုကြောင့် ကမ္ဘာကြီး offline ဖြစ်သွားပြီး anime ကိုလည်း အခွေနဲ့ပဲကြည့်လို့ရတော့တဲ့ ခေတ်ကြီးမှာ လူတွေကလည်း ပုံတင်လို့မရတော့ မတွေ့တာကြာရင် တစ်ယောက်ကိုတစ်ယောက် မမှတ်မိကြတော့ဘူး။ နှစ်တွေကြာမှ ပြန်တွေ့ကြတဲ့ အတန်းဖော်နှစ်ယောက်ရဲ့ ဒီဇာတ်လမ်းက story သုံးခုထဲမှာ အထိဆုံးလို့ ပြောလို့ရတယ်။ ဘဝကို ဝန်ထုပ်ဝန်ပိုးတွေ၊ နောင်တတွေနဲ့ ဖြတ်သန်းနေရတဲ့ Nana နဲ့ Moka အတွက် သူတို့နှစ်ယောက်ရဲ့ အတုအယောင် ခဏတာလေးက သာယာစရာဖြစ်ခဲ့တယ်။

ဒါတွေက ကျနော်မြင်မိသလောက်လေးပဲ ရှိသေးတယ်။ ဇာတ်လမ်းတစ်ခုစီတိုင်းမှာ ဆင်တူတဲ့ theme တွေလည်း ပါနေတယ်။ လူတွေအကြောင်း၊ နောင်တတွေ၊ လမ်းမှားခဲ့တဲ့ ရွေးချယ်မှုနဲ့ အခွင့်အရေးတွေ။ ဒီထဲကမှ မမျှော်လင့်ဘဲ ရလိုက်တဲ့ ကြည်နူးခြင်း၊ ကိုယ့်ဘဝကိုယ် ကျေနပ်ခြင်းနဲ့ ရှိနေတဲ့ အခိုက်အတန့်မှာ ပျော်မွေ့ခြင်း။

ဒါတွေအကုန်ပေါင်းစပ်ထားတဲ့ Ryusuke Hamaguchi ရဲ့ ဇာတ်လမ်းတိုလေးတွေက ကြည့်ပြီးရင်တော့ နှလုံးသားတစ်နေရာထိ ထိုးဖောက်သွားနိုင်ပါလိမ့်မယ်။

Leave a comment