ချောင်းဟန့်သံနှင့် အခြားလက်ရွေးစင် ဝတ္ထုတိုများ – ဂျိုဇော်

ဂျိုဇော်ရဲ့ ဝတ္ထုတိုတွေက အထေ့ဓာတ်တွေပါတယ်။ သရော်စာလည်းမဟုတ် ၊ ဟဒယရွှင်ဆေးမျိုးလည်းမဟုတ်။ ဖတ်ရင်းနဲ့သဘောကျမိလို့ အလိုလိုပြုံးမိစေ‌တာမျိုးတွေ။ ဒါတွေရဲ့နောက်မှာ ကရုဏာသက်စရာ ၊ သနားစရာနဲ့ ရှောင်လွှဲလို့မရတဲ့ ခါးသက်စရာအမှန်တရားတွေလည်း ပါလာတတ်တယ်။

သူ့ဝတ္ထုထဲက ဇာတ်ကောင်တွေက ပင်ကိုစိတ်အခြေအနေမှာ မဟုတ်တဲ့သူတွေများတယ်။ တချို့အပုဒ်တွေက symbolism တွေမလို့ ဖတ်ပြီးမှ ဆိုလိုရင်းကိုပြန်တွေးရတာမျိုးတွေလည်းပါတယ်။ ဝတ္ထုတိုပေါင်း ၁၅ ပုဒ်ပါတဲ့ ဒီစာအုပ်မှာ အပေါ်မှာပြောတဲ့ တစ်ချက်စီနဲ့ကိုက်ညီတဲ့ ပုံစံတူဝတ္ထုတိုက ၂ ပုဒ် ၃ ပုဒ်စီလောက်ပါတယ်။

နောက်ပြီး ဝတ္ထုတိုတိုင်းလိုလိုမှာ ဆေးရုံ ၊ ဆေးခန်း ၊ ဆရာဝန် ဆိုတဲ့ စကားလုံးတွေပါတာကိုလည်း သတိထားမိတယ်။ ဒါမျိုး‌ ဆရာဂျိုဇော်က သူ့နယ်ပယ်ကို နောက်ခံထားပြီး စကားလုံးလှလှလေးတွေနဲ့ ဖွဲ့နွဲ့ပြသွားတာကို “အလင်းအမှောင်နှောင်ကြိုး” လိုဝတ္ထုမျိုးမှာ သိသိသာသာတွေ့ရတယ်။

ဂျိုဇော်ရဲ့ နာမည်အကြီးဆုံးနဲ့ မြန်မာ့ဝတ္ထုတိုရေစီးကြောင်းမှာ မပါမဖြစ် ‌”ချောင်းဟန့်သံ”က စာမျက်နှာ ၈ မျက်နှာပဲရှိတယ်။ ဆရာမြရဲ့အမှာစာစကားကို ကိုးကားပြီးပြောရရင်တော့ ချောင်းဟန့်သံဖတ်နေတုန်းမှာ လည်ချောင်းယားလာမယ်။ တံတွေးမျိုမိမယ်။ နှစ်ကိုယ်ကြားရုံလောက် အဟမ်း လို့လုပ်မိမယ်။ နောက်ဆုံးအားမရလို့ ပါးစပ်ကိုဟပြီး အဟမ်းလို့ ခပ်ကျယ်ကျယ် ချောင်းဟန့်မိလိမ့်မယ်။ ဒါပေမဲ့ဘေးမှာ လူမရှိဖို့တော့ လိုတယ်တဲ့။ ဒါဟာဂျိုဇော်ရဲ့ ဝတ္ထုတိုအစွမ်းပါပဲ။

စာမျက်နှာ ၁၇၅ မျက်နှာပါတဲ့ ဒီစာအုပ်ကို တိုးမြစ်စာအုပ်တိုက်က ဆိုဒ်အသေးနဲ့ ပထမအကြိမ်ထုတ်ဝေထားပြီး တန်ဖိုးက 2500 ကျပ်ပါ။

Leave a comment